h2>Dating : Revenge Porn
တိုရူတစ်ယောက် ကြယ်တွေဆီ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။
သူ အလုပ် အားလပ်ရက် ရတော့မယ့် ဒီဇင်ဘာ လအကုန်မှာ ဒီလို ဆုံးဖြတ်ချက်က ဖြစ်လာဖို့ ပိုပြီးတော့ သေချာသွားတယ်။ ဒီလို ဒီဇင်ဘာလ အချိန်ဆိုတာက ကမ္ဘာပေါ်မှာ လက်ရှိ ကျန်နေခဲ့တဲ့သူတွေ အကုန်လုံး သူ့လိုမျိုးပဲ အပန်းဖြေခရီးတစ်ခု အနေနဲ့ ကြယ်တွေဆီ ခရီးထွက်ဖို့ ဆုံးဖြတ်ကြတဲ့အချိန်လေ။
ခရီးသွားဖို့အတွက် ပရိုမိုးရှင်းတွေကလည်း အများကြီးပဲပေါ့။ လူအများကြီး စုပေါင်းနေရတဲ့ hostel တွေမှာ နေမလား၊ မနက်စာ တနပ်ကျွေးတဲ့ ဟိုတယ်မျိုးမှာ နေမလား၊ ရေကူးကန်နဲ့ တခြား လေ့လာရေးခရီးတွေကို လိုက်ပို့ပေးတဲ့ ဝန်ဆောင်မှု အပြည့်အစုံနဲ့ ဟိုတယ်မျိုးတွေမှာ နေမလားဆိုပြီး ကိုယ် တတ်နိုင်တဲ့ စျေးပေါ်မှာ မူတည်လို့ အမျိုးမျိုး ဆုံးဖြတ်လို့ ရတယ်။
အခုအချိန်မှာ ကြယ်တွေဆီကို လူတကာ သွားနေကြတာလည်း အဆန်းမဟုတ်တော့ဘူးလေ။ ကြယ်ရထားလို့ ခေါ်တဲ့ ယာဉ်ပျံတွေကို စီးပြီးတော့ လက်ရှိမှာ ယိုယွင်းနေတဲ့ ကမ္ဘာကြီးကနေ ကြယ်တွေဆီကို သွားရောက် ရွေ့ပြောင်း အခြေချနေထိုင်ကြတဲ့သူတွေ အများအပြား ရှိနေကြပြီပဲ။ သိပ္ပံပညာရှင်တွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေ အရဆိုရင်တော့ ဒီကမ္ဘာကြီးက ဆက်နေထိုင်ဖို့ မကောင်းတော့ဘူးတဲ့။
တဖြည်းဖြည်း ပျက်စီးလာတဲ့ အိုဇုန်းလွှာတွေ၊ ညစ်ညမ်းလာတဲ့ လေထုတွေကြောင့် လက်ရှိအချိန်မှာ ငွေကြေးတတ်နိုင်တဲ့သူတွေက ကြယ်တွေဆီကိုပဲ ရွေ့ပြောင်းပြီး နေထိုင်ကြတော့တယ်။ သူတို့ မမွေးခင် အချိန်တုန်းကတော့ သူတို့ရဲ့ အဘိုး၊ အဘွားတွေကတော့ ကံကောင်းတာပေါ့။ ဘာမှမကျန်တော့ဘူး ဆိုရင်တောင် အစိမ်းရောင်တွေ အနည်းအကျဉ်းရှိနေသေးတဲ့ ကမ္ဘာကြီးကို တွေ့မြင်ခွင့် ရကြသေးတာကိုး။
တိုရူတို့ရဲ့ အခုကမ္ဘာကြီး ပျက်စီးရခြင်းရဲ့ တရားခံဖြစ်တဲ့ အသုံးများနေတဲ့ ပလက်စတစ်တွေကို ပြန်သန့်စင်ဖို့အတွက် ပညာရှင်တွေကလည်း ကြိုးစားခဲ့ကြသေးတယ်။ ဒါပေမယ့် အဲဒီ ရီဆိုက်ကယ် စီမံကိန်းတွေကလည်း ဘာတစ်ခုမှ အကြီးအကျယ် ဖြစ်မြောက်အောင် မအောင်မြင်ခဲ့ဘူး။ အချိန်ကြာလာတာနဲ့ အမျှ ဘာမှ ပြန်သုံးစွဲလို့ မရတော့တာ ပလက်စတစ်တွေက လမ်းပေါ်မှာ တဖြည်းဖြည်း စုပုံလာကြတယ်။
တချိန်တုန်းက ကမ်းမမြင်နိုင်အောင် ကျယ်ဝန်းခဲ့တဲ့ ပင်လယ်သမုဒ္ဒရာတွေထဲမှာလည်း ပလက်စတစ် အမှိုက်တွေက အပြည့်ဖြစ်သွားခဲ့တယ်။ ဒီလို ညစ်ညမ်းမှုတွေကြောင့် လူသားတွေတောင် ကြယ်တွေဆီကို ပြောင်းရွေ့ အခြေချနေကြတဲ့အထိ အခြေအနေတွေ ဖြစ်ကုန်မှတော့ တခြားဇီ၀မျိုးကွဲတွေ ဆိုရင်လည်း ပိုဆိုးတာပေါ့။
လူသားတွေကလွဲလို့ အရင်တုန်းက အရိုင်းအတိုင်း ရှင်သန်နေခဲ့ကြတဲ့ တခြားမျိုးစိတ်တွေ ဒီကမ္ဘာကြီးပေါ်မှာ ဆက်မရှင်သန် မနေထိုင်နိုင်ကြတော့ဘူး။ သူတို့မှာလည်း ကြယ်တွေဆီကို ပြောင်းရွေ့ရလောက်အောင် ငွေကြေး၊ ပိုက်ဆံဆိုတာမျိုးမှ မရှိတာ။ ဒီတော့လည်း သေပစေလို့ပဲ သဘောထားလိုက်ရတော့တယ်။
ကမ္ဘာကြီးက အကြီးအကျယ် ညစ်ညမ်းပြီး ပျက်စီးလို့သာ သွားတယ်။ ဒါပေမယ့် အခုချိန်အထိ လူတွေက (တိုရူလည်း အပါအဝင်ပေါ့) ပလက်စတစ်တွေကို ဆက်သုံးစွဲနေကြတုန်း။ သူတို့မှာ ရပ်ပစ်လို့ မရလောက်အောင် ဒီပစ္စည်းတွေကိုပဲ အလွယ်တကူ သုံးစွဲနေကြတုန်း။
Home, Sweet Home လို့ ခေါ်တဲ့ အခေါ်အဝေါ်တွေက အခု တိုရူတို့ လက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးနဲ့ ဘာမှ မသက်ဆိုင်တော့တာ ကြာပြီ။ ကြယ်ရထားတွေနဲ့ သွားရောက် ရွှေ့ပြောင်းနေထိုင်လို့ရတဲ့ ကြယ်တာရာတွေကိုပဲ “အိမ်” ဆိုတဲ့ အသုံးအနှုန်းနဲ့ သုံးနှုန်းကြတော့တယ်။ အဲဒီမှာ နေထိုင်ကြတဲ့ သူတွေကလည်း သူတို့ကိုယ် သူတို့ “ကြယ်တာရာသားတွေ”လို့ သုံးနှုန်းတတ်ကြတယ်။ တိုရူတို့ကတော့ ဘာမှ အကောင်းမတိုင်း မကျန်ခဲ့တော့တဲ့ စုတ်ပြတ်နေတဲ့ ကမ္ဘာကြီးပေါ်က ကမ္ဘာသားတွေပေါ့လေ။
စုတ်ပြတ်နေတဲ့ ကမ္ဘာကြီးပေါ်က စုတ်ပြတ်နေတဲ့ ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်တဲ့ တိုရူလို ရိုးရိုး ကုမ္ပဏီဝန်ထမ်းတစ်ယောက်အနေနဲ့တော့ ဒီလို ပြောင်းရွှေ့အခြေချဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ဦးမှာလဲ။
ဒါပေမယ့် သူ မွေးကတည်းက ကြားရုံသာ ကြားဖူးပြီး မရောက်ဖူးသေးတဲ့ ကြယ်တာရာတွေကိုလည်း သူက ရောက်ဖူးချင်သေးတယ်။ ဒီတော့ ကုမ္ပဏီက တစ်နှစ်တစ်ခါ ထုတ်ပေးတဲ့ ဆုကြေးငွေတွေကို စုဆောင်းထားတာတွေနဲ့ သူ လစဉ် စုဆောင်းထားလို့ လက်ထဲမှာ အသင့်အတင့် ကျန်နေသေးတဲ့ ငွေပိုငွေလျှံလေးနဲ့ နှစ်ခုပေါင်းလို့ နည်းနည်းများပြားလာတဲ့ အခါမှာတော့ ဒီလို ကြယ်တွေဆီ ခရီးထွက်ဖို့ အိပ်မက်က တကယ်ဖြစ်လာတယ်။
တိုရူက သူ့ရဲ့ အလုပ်အားလပ်ချိန်တွေမှာ ကြယ်တွေအကြောင်း ဖော်ပြထားတဲ့ website တွေ တီဗွီအစီအစဉ်တွေကို လိုက်ရှာပြီး လိုက်ကြည့်နေတာ ကြာပြီ။ အပြာရောင်တွေ၊ ကြယ်ရောင်တွေနဲ့ အဆုံး မရှိတဲ့ နဂါးငွေ့တန်းတွေပေါ့။ အရင်တုန်းက အဝေးကြီးကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေကနေ အခုအချိန်မှာတော့ ကြယ်တွေကို နောက်ခံထားပြီး selfie ရိုက်ထားတဲ့ ပုံတွေက လူမှုကွန်ယက်တွေပေါ်မှာ အများကြီး ရှိနေကြပြီ။ အဲဒါတွေကို #WithStars ဆိုပြီး လိုက်ရှာကြည့်လို့ရတယ်။
ကြယ်တွေဆီမှာ တည်ဆောက်ထားတဲ့ အိမ်တွေထဲမှာ အရင်တုန်းက ကမ္ဘာမြေကြီးပေါ်မှာ ရှိခဲ့တဲ့ ရာသီဥတုတွေလို နွေ၊ နွေဦး၊ မိုး၊ ဆောင်း စတဲ့ ရာသီဥတုတွေကိုလည်း ထည့်သွင်း တည်ဆောက် ထားကြတယ်တဲ့။ ဒီလို ရာသီဥတုတွေက အခု ကမ္ဘာကြီးမှာ သေလောက်အောင် ပူနေတဲ့ ရာသီဥတုတွေနဲ့ တခြားစီ ဖြစ်နေမှာပဲလို့ သူ တွေးကြည့်မိတယ်။
သူအရင်တုန်းက ဖတ်ခဲ့ဖူးတဲ့ Albert Camus ရဲ့ စာအုပ်ထဲကလို “In the midst of winter, I found, within me, an invincible summer” ဆိုတာမျိုးကို သူ ခံစားကြည့်ချင်မိတယ်။ ဆောင်းတွင်းအလယ် ဆိုပေမယ့် ကိုယ့်ရင်ထဲမှာ ရှိနေမယ့် နွေရာသီလိုမျိုးပေါ့။ ဒီလို နွေဦးရဲ့ နေရောင်ခြည် နွေးနွေးလေး ကျနေတဲ့ မြက်ခင်းတွေအပေါ်မှာ ကိုယ်ချစ်ရတဲ့သူနဲ့ ခြေထောက်လေးဆင်းပြီး ထိုင်နေရတာ ဘယ်လောက်များ ကောင်းလိုက်မလဲ။
ဟုတ်တယ်။ ကြယ်တွေဆီကို ခရီးသွားမှာက တိုရူတစ်ယောက်တည်း မဟုတ်ဘူး။ ဒီနှစ် အစပိုင်း ကတည်းက ဒီအစီအစဉ်ကို သူရဲ့ ကောင်မလေးကိုလည်း ပြောပြထားပြီးပြီ။ ဒီလို ခရီး အတူတူ ထွက်ဖို့အတွက် သူတို့နှစ်ယောက် တိုင်ပင်ထားကြတယ်။ အရွယ်ရောက်ပြီးသား လူငယ် ချစ်သူနှစ်ဦးအတွက် ကြယ်တွေဆီကို အတူတူ ခရီးထွက်ရတာထက် တခြား ပျော်ရွှင်စရာ ကောင်းတဲ့ အရာ ရှိဦးမှာလဲ။ လိင်ကိစ္စကတော့ ဘာမှ ပျော်ရွှင်စရာမရှိတော့တဲ့ ကမ္ဘာကြီးမှာ မပျော်ပျော်အောင် နေထိုင်နိုင်ဖို့အတွက် တခြားနည်းလမ်း သက်သက်တစ်ခုပေါ့။
ကောင်မလေးကလည်း တိုရူနဲ့ အတူတူနေတယ်။ သူတို့နှစ်ယောက် စတင်ချစ်ကြိုက်ခဲ့တဲ့ အချိန်ကစလို့ အခုအချိန်ထိ တိုရူရဲ့ အခန်းလေးထဲမှာ အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် လိင်ဆက်ဆံခဲ့ကြတာပဲ။ တစ်ခါတစ်လေ နှစ်ယောက်သား ရုံးပိတ်တဲ့ အချိန်မျိုးဆိုရင် အခန်းထဲက အခန်းပြင်တောင် မထွက်တော့ဘဲ၊ နှစ်ယောက်သား ဘာအဝတ်မှ မကပ်တော့ဘဲ အကြိမ်ပေါင်း မြောက်မြားစွာ ဒီကိစ္စကိုပဲ အကြိမ်ကြိမ်အခါခါ ပြုမူရင်း နေတတ်ကြတယ်။ ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ နှစ်ယောက်သား အတူတူ အပြင်ထွက်လည်ပြီး သာယာလှပတဲ့ ပန်းခြံခုံတန်းလေးထဲမှာ သွားထိုင်ဖို့ ဆိုတာကလည်း မဖြစ်နိုင်တော့တဲ့ ကိစ္စဖြစ်သွားခဲ့ပြီလေ။
ဒီလိုဆက်ဆံတဲ့ အခါတိုင်း တိုရူက သူ့ကောင်မလေးရဲ့ မျက်နှာကို အသေအချာ ကြည့်နေလေ့ ရှိတယ်။ လူတွေရဲ့ စိတ်ဆန္ဒအမှန်ဆိုတာက ဒီလိုအချိန်အခါမျိုးမှာမှ ပေါ်ထွက်လာတတ်ကြတာမျိုးလို့ သူထင်တယ်။
တချိန်တုန်းက သာယာလှပခဲ့တဲ့ ကမ္ဘာကြီးပေါ်မှာ သဘာ၀အတိုင်း အရိုင်း အတိုင်း ကျက်စားနေခဲ့ကြတဲ့ တိရစ္ဆာန်အရိုင်း တစ်ကောင်ကောင်ကို ကြည့်နေရသလိုမျိုးပေါ့။ ကောင်မလေးရဲ့ မြောက်တတ်လာတဲ့ ခန္ဓာကိုယ်၊ ယိမ်းခါနေတဲ့ ဦးခေါင်းလှုပ်ရှားပုံတွေနဲ့ အစီအစဉ် မကျတဲ့ ညည်းညူသံတွေ အကုန်လုံးက သူ မတွေ့မြင်ခဲ့ဖူးတဲ့ ကြည်လင်သန့်စင်ခဲ့တဲ့ ကမ္ဘာကြီးကို ပုံဖော်ပြီး ပြန်မြင်နေရသလိုမျိုးလို့ တိုရူတစ်ယောက် ခံစားမိတယ်။
ဒါက သူတို့နှစ်ယောက် နေထိုင်ခဲ့တဲ့ ကမ္ဘာကြီးပေါ့။ ဘာအပြစ် အနာအဆာမှ မရှိခဲ့တဲ့ ကမ္ဘာကြီးပေါ့။
ဒီလိုနဲ့ ဒီဇင်ဘာ တတိယအပတ်အချိန်မှာ တိုရူတို့ရဲ့ ကုမ္ပဏီက ဝန်ထမ်းတွေအတွက် ဆုကြေးငွေတွေကို ထုတ်ပေးပြီး ဒီဇင်ဘာပိတ်ရက်တွေလည်း စတင်လာတော့တယ်။ တိုရူလည်း သူ့ account ထဲကို ရောက်လာတဲ့ ငွေတွေ အကုန်လုံးနဲ့ ကြယ်ရထားလက်မှတ်တစ်စောင် ဝယ်လိုက်တယ်။ ကောင်မလေးလည်း သူ့ရဲ့ ဖုန်းကနေတဆင့် ဒီလိုပဲ ဝယ်ထားလိမ့်မယ်။
အဲဒီနေ့က တိုရူ သူ့အိမ်ကို ပြန်လာတော့ မြူတွေ ဆိုင်းနေပြီ။ စုတ်ပြတ်သတ်နေတဲ့ ကမ္ဘာကြီးက စုတ်ပြတ်သတ်နေတဲ့ မြူတွေလို့ အပြန်လမ်းတစ်လျှောက်လုံး သူ တွေးလာခဲ့တယ်။ ဘယ်လို ရာသီဥတုမျိုး ဆိုတာလည်း မသိ။ ဘယ်အချိန် ရှိနေပြီလဲ ဆိုတာလဲ မသိ ဖြစ်ချင်တိုင်း ဖြစ်ပြီး ပျက်စီးနေတဲ့ ကမ္ဘာကြီးပေါ့။
ကြယ်တွေဆီကို သူခရီးထွက်ချင်တယ်ဆိုတာ ဒီအကြောင်းတွေကြောင့်လည်း ပါတယ်။ ဘာမှ မျှော်လင့်ချက် မရှိတော့တဲ့ သေတော့မယ့် ကမ္ဘာကြီးမှာ ထိုင်နေတာထက်စာရင် အခုမှ ရှင်သန်ဖို့ အားယူနေတဲ့ ကြယ်တွေဆီက ကမ္ဘာကြီးကို သူ သွားကြည့်ချင်မိတယ်။ အဲ့ကမ္ဘာကို ပြောင်းရွှေ့သွားကြတဲ့သူတွေ ဘယ်လောက်တောင် ပျော်ရွှင်နေကြမလဲ။
စဉ်းစားရင်း စဉ်းစားရင်း တိုက်ခန်းလှေကားထစ်တွေအတိုင်း သူတတ်လာခဲ့တယ်။ အခန်းတံခါး၀ရောက်တော့ တံခါး၀ ကြမ်းပြင်မှာ ရွံ့တွေ ပေနေတာ သူ သတိထားမိတယ်။ တိုရူတို့ မမွေးခင်ကတည်းက သူတို့နေတဲ့ မြို့ဘက်အခြမ်းမှာ လမ်းတွေအကုန်လုံးက ကွန်ကရစ်ဆိုတာတွေပဲ ခင်းထားကြတယ်။ မြေကြီးဆိုတဲ့ အဓိပ္ပာယ်ကို သူတို့ ကျောင်းတတ်တုန်းကပဲ သင်ဖူးတယ်။ ရွှံ့တွေက မြို့အပြင်ဘက်က အဆောက်အအုံ အပျက်အစီးတွေ ရှိတဲ့နေရာမှာပဲ ရှိကြတာ။ ဟိုးအရင်တုန်းက အဲ့နေရာကလည်း အခုလို မြို့ထဲနေရာ ဖြစ်ခဲ့တာပေါ့။
ဒီလို အဆောက်အအုံ အပျက်အစီးတွေမှာက တိုရူတို့လို မြို့ထဲမှာ နေဖို့ မတတ်နိုင်တဲ့ အလုပ်သမား မိသားစုတွေ အများကြီး စုနေကြတယ်။ တိုရူရဲ့ ကောင်မလေးက လူသားချင်း စာနာထောက်ထား အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုမှာ အလုပ်ဝင်လုပ်နေတယ်။ အဲဒီမှာ နေတဲ့ မိသားစုတွေကို သူတို့ အဖွဲ့အစည်းက စားနပ်ရိက္ခာတွေ သွားထောက်ပံ့တာမျိုးတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ သွားပေးတာမျိုးတွေ လုပ်ရတတ်တယ်။ ကောင်မလေး အိမ်ကို ပြန်ရောက်နေပြီထင်တယ်လို့ တိုရူ တွေးလိုက်မိတယ်။
ကြယ်တွေဆီ ခရီးမထွက်ခင်တော့ သူတို့နှစ်ယောက် အတူတူ ဒီလို ညစ်ပတ်နေတာတွေကို ပြန်ပြီးတော့ သန့်ရှင်းရေး လုပ်ရဦးမယ် တိုရူတစ်ယောက် စိတ်ထဲမှာ ကိုယ့်ဘာသာ စကား ပြန်ပြောရင်း တံခါးကို အသာဖွင့်ပြီး အခန်းထဲ ဝင်လာလိုက်တယ်။
တိုရူ အခန်းထဲကို ဝင်ဝင်လိုက်ခြင်းပဲ အိပ်ခန်းဘက်က အသံတွေကို ကြားလိုက်ရတယ်။
သူ့ကောင်မလေးရဲ့ ညည်းညူနေတဲ့ အသံတွေ။
ဝဲကျနေတဲ့ ဆံပင်တွေကို လှန်တင်လိုက်ရင်း မျက်ခုံးတွေကို သူ ပင့်တင်လိုက်တယ်။ သူ့တစ်ယောက်တည်း ဒီအချိန်ကြီး masturbate လုပ်နေတာလား၊ ငါပြန်လာတဲ့ အချိန်ထိတောင် စောင့်မနေနိုင်ဘူးလားလို့ တိုရူ တွေးလိုက်မိတယ်။ နောက် တဆက်တည်းမှာပဲ တခြားတစ်ယောက်ရဲ့ အသံကိုပါ သူ ကြားလိုက်တယ်။ လှေကားထစ်ပေါ်ကနေ တစ်ထစ်ချင်း ဆင်းနေတဲ့အခါ အတွေး လွန်သွားလို့ အထစ်ကျော် ဆင်းမိပြီး ရင်ထဲမှာ ဟာခနဲ ဖြစ်သွားသလိုမျိုး သူခံစားလိုက်ရတယ်။
ဘာမှမတွေးနိုင်ဘဲ အသံတွေ ကြားနေရတဲ့ အိပ်ခန်းဘက်ဆီကို တိုရူ အလိုလို လျှောက်မိလျက်သား ဖြစ်သွားတယ်။ ဟနေတဲ့ တံခါး၀ကနေ အသာလေး ကြည့်လိုက်တော့ သူ ထင်ထားတဲ့ အတိုင်းပဲ။ တခြားတစ်ယောက်နဲ့ သူ့ကောင်မလေးနဲ့ ပူးကပ်နေတာကို တွေ့လိုက်ရတယ်။ အဲ့ တခြား တစ်ယောက်ဆိုတဲ့သူကို သူ့ကောင်မလေးရဲ့ ဆိုရှယ်အကောင့်တွေမှာ သူ မြင်ဖူးတယ်။ သူတို့အလုပ်ထဲက အသိမိတ်ဆွေလို့ ကောင်မလေးက ပြောပြဖူးတယ်။ နာမည်ကိုတောင် ပြောသေးတယ်နဲ့ တူတယ်။ အခုချိန်မှာတော့ သူ့စိတ်ထဲမှာ ဘာနာမည်မှ စဉ်းစားလို့ မရတော့ဘူး။
တိုရူတစ်ယောက် ဒီမြင်ကွင်းကို ကြည့်နေရင်း စိတ်ကို မနည်း တည်ငြိမ်အောင် ထားနေရတယ်။ သူ့လို အခြေအနေမျိုး တစ်ခြားတစ်ယောက်ယောက် တွေ့ကြုံရမယ်ဆိုရင်ရော ဘာလုပ်မှာလဲ။ အခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ဝင်သွားပြီး နှစ်ယောက်စလုံးကို စိတ်လွတ်ကိုယ်လွတ် အော်ဟစ်မိမှာလား၊ တွေ့ရာကို ထိုးကန်ကျောက်ပစ်မှာလား။
တိုရူကတော့ သူ့အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဖုန်းကို အသာထုတ်ပြီး အဲ့ဒီလို မြင်နေရတဲ့ မြင်ကွင်းကို ဗီဒီယိုရိုက်ထားလိုက်မိတယ်။ ဘာရည်ရွယ်ချက်နဲ့လဲ ဆိုတာတော့ သူ့ဘာသာလည်း မသိဘူး။ သက်သေသက္ကာရ သဘောမျိုးလား၊ နောက်တချိန်ချိန်မှာ ဒီအကြောင်းကို မမေ့မလျော့ပဲ ပြန်ပြောဖို့အတွက်လား သူ့ဘာသာလည်း ဝေခွဲမရနိုင်ဘူး။ သူ့ အသိစိတ်မှာတော့ ဒီလို ရိုက်ထားမိတာကို သိတယ်။
ဗီဒွီယို ရိုက်နေရင်းနဲ့ အခုချိန် အခန်းထဲ ပြေးဝင်သွားပြီး သူတို့နှစ်ယောက်စလုံးရဲ့ ခေါင်းတွေကို ပလက်စတစ်အိတ်တွေနဲ့ စွပ်၊ အသက် မရှုနိုင်အောင် လုပ်ပြီး သတ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့ သူတွေးကြည့်မိတယ်။ ပြီးရင် မြို့ပြင် အဆောက်အဦအပျက်တွေဆီက ရွှံ့တွေကြားထဲမှာ သွားမြှုပ်ထားလိုက်ရမှာ။ အဲဒါဆို နှစ်ပေါင်းလေးငါးဆယ်လောက်တော့ ဒီပလက်စတစ်တွေက မဆွေးမမြေ့ပဲ နေမှာလို့ အတွေးတွေက ပေါ်လာတယ်။
ဒါမှမဟုတ် သူ့အိမ်မှာ ကြွက်သတ်ဖို့ ထားထားတဲ့ ပိုးသတ်ဆေးတွေကို ယူပြီး အဲ့နှစ်ယောက်စလုံး အပေါ် ဖျန်းချလိုက်ရင် ကောင်းမလားပဲ။ ဒီပိုးသတ်ဆေးတွေက ပြင်းလွန်းတော့ “အသားနဲ့ တိုက်ရိုက်ထိတွေ့ခြင်း ရှောင်ကြဉ်ပါ” လို့ ပုလင်းအပေါ်မှာ စာတန်းကို သေသေချာချာ ရေးထားတယ်။ တိုရူလည်း ဒီပိုးသတ်ဆေးကို သုံးရင် လက်အိတ်တွေ သေချာစွပ်ပြီးမှ သုံးရတယ်။ ဒီလောက်ပြင်းတဲ့ ပိုးသတ်ဆေးတွေ သူတို့ရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ကျသွားရင်တော့ တစ်ခုမဟုတ် တစ်ခုတော့ အကျိုးသက်ရောက်မှု ရှိမှာပဲ၊ နှစ်ယောက်စလုံး ပိုးကောင်တွေလို သေသွားကြရင်လည်း ကောင်းတာပဲလို့ သူတွေးမိတယ်။
ကုတင်ဘေးက အမှိုက်ခြင်းထဲကို သူကြည့်လိုက်တော့ အမှိုက်ခြင်းထဲမှာလည်း သုံးပြီးသား ကွန်ဒုံးတစ်ခုကို သူတွေ့လိုက်တယ်။ ဒါလည်း ပလက်စတစ်နဲ့ လုပ်ထားတာပဲ။ အခုအချိန်မှာ ရာဘာလို သဘာ၀ပစ္စည်းတွေက မရှိသလောက် ဖြစ်သွားတော့ ဒီလိုပစ္စည်းတွေကိုလည်း ပလက်စတစ်နဲ့ပဲ ထုတ်ကြတော့တယ်။ ဘာနဲ့ လုပ်ထားတာပဲ ဖြစ်ဖြစ် ကွန်ဒုံးနဲ့ဆိုတော့ သူ အရည်တွေ ထွက်နေတာကို ဟိုအကောင်က သိပါ့မလားလို့ သူ တဆက်တည်း စိတ်ပူလာတယ်။
ဖုန်းစခရင်မ်ပေါ်က ဗီဒီယိုမှတ်တမ်းမှာ သုံးမိနစ်ပြည့်သွားတော့ သူ အသာလေး အနောက် ပြန်ဆုတ်ရင်း ဧည့်ခန်းထဲဘက်ကို ပြန်ထွက်လာတယ်။ ဟိုနှစ်ယောက်ကတော့ သူ ရောက်နေတယ်ဆိုတာကို သိတဲ့ပုံ မပေါ်ဘူး။ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ သူထိုင်ချလိုက်ရင်း ဖုန်းကို နားကြပ်တပ်လိုက်ပြီး စောစောက သူ မှတ်တမ်းတင်ထားတဲ့ ဗီဒီယို သူ ပြန်ကြည့်နေတယ်။
သူ့ကောင်မလေး မျက်နှာက ဗီဒီယိုထဲမှာ အထင်းသား ပေါ်နေတယ်။ သူ မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ လိင်ဆက်ဆံနေရတဲ့အခါ ဖြစ်နေတဲ့ ကောင်မလေးရဲ့ မျက်နှာပုံစံကို သူ ကြည့်မိတယ်။ အရင်တုန်းကတော့ ဒီမျက်နှာကိုပဲ သူ့တစ်ယောက်တည်းအတွက် ကြည်လင်သန့်စင်တဲ့ ကမ္ဘာကြီးလို့ ထင်ခဲ့မိတာ။ အရင်တုန်းကလို စိမ်းလန်းစိုပြေမှုတွေ ပြည့်နေတဲ့ ကမ္ဘာကြီးလို့ တွေးထားခဲ့တာ။ အခုတော့ တခြားတစ်ယောက်နဲ့ သူ ဖြစ်ပျက်နေတဲ့ မျက်နှာကလည်း ဒီလို မျက်နှာပုံစံပဲ။ စိမ်းလန်းစိုပြည်နေတဲ့၊ အရိုင်းဆန်တဲ့ ကမ္ဘာကြီး ပုံစံပဲ။ သူ့အတွက်တော့ မဟုတ်ဘူးပေါ့။ တိုရူ့ စိတ်ထဲမှာ ရှုပ်ယှက်ခက်လာတယ်။ သူ တစ်ခုခုကို ထလုပ်မိတော့မယ် ထင်တယ်။
ဒီအချိန်မှာပဲ အိပ်ခန်းတံခါးကို ပြန်ပိတ်လိုက်တဲ့ အသံကြားလိုက်ရတယ်။ တိုရူ သူ့အနောက်ဘက်က အခန်းတံခါးဆီကို လှည့်ကြည့်မိလိုက်တယ်။ အခန်းထဲကနေ နှစ်ယောက်သား ဘာအဝတ်အစားမှ မပါဘဲ လက်ချင်းချိတ်ပြီး ထွက်လာကြတယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်ပြုံးပြီး ထွက်လာကြတာဆိုတော့ တိုရူကို သူတို့နှစ်ယောက် မမြင်ကြသေးဘူး။ နှစ်ယောက်စလုံး ကမ္ဘာကြီးကို အပိုင်ရထားသလိုမျိုး ပြုံးနေကြတာ။
တိုရူက မတ်တပ်ထရပ်လိုက်တော့မှ ဟိုနှစ်ယောက် သူ့ကို တွေ့သွားကြတယ်။ နှစ်ယောက်စလုံးရဲ့ မျက်နှာက နဂိုထက် ပိုပြီး နီရဲတတ်သွားသလိုမျိုး။ ဟိုအကောင်က တစ်ခုခုပြောဖို့အတွက် ပါးစပ်ဟဖို့ ပြင်နေတုန်းမှာပဲ တိုရူက တိုက်ခန်း တံခါး၀ဆီ လက်ညိုးထိုးပြလိုက်တယ်။ ဒီတော့ အဲ့အကောင်က အိပ်ခန်းဘက်ကို ပြန်လှည့်ပြီး သူ့အဝတ်တွေ သွားယူမလို့ ပြင်လိုက်တယ်။ တိုရူက “ယူမနေနဲ့၊ ထွက်သွား” လို့ စူးစူးဝါးဝါး ထအော်လိုက်တော့မှ သူတို့နှစ်ယောက်လည်း လန့်သွားတယ် ထင်တယ်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မထူးတော့ဘူးဆိုတဲ့ အထာနဲ့ ဟိုအကောင်က တံခါးကို ၀ုန်းခနဲ ကောက်ဖွင့်ပြီး အောက်ဘက်ကို ပြေးဆင်းသွားတယ်။
“တံခါး ပြန်ပိတ်ပြီး ဒီမှာလာထိုင်” လို့ တိုရူက သူ့ကောင်မလေးကို ပြောလိုက်တယ်။ ပြီးတော့ ဆိုဖာပေါ်မှာ သူ ပြန်ထိုင်ချလိုက်တယ်။ တံခါးကို ပိတ်လိုက်ပြီးတော့ သူ့ကောင်မလေးက အဝတ်ဗလာနဲ့ပဲ သူ့ရှေ့က ဆိုဖာခုံမှာ ဝင်ထိုင်တယ်။ တိုရူက သူ့ရင်သားတွေကို ငေးနေတယ်လို့တော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် သူလည်း ဘာအဓိပ္ပာယ်မှ မရှိဘဲ အရှေ့ကိုပဲ စိုက်ကြည့်နေတော့ သူ့မျက်လုံးတည့်တည့်ရှေ့က ရင်သားတွေကို မြင်နေရတယ်။ ကောင်မလေးက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း တိုရူကို စိုက်ကြည့်နေတယ်။
“ငါ ကြယ်တွေဆီ သွားတော့မယ်၊ လက်မှတ်ဖြတ်ထားပြီးသွားပြီ” လို့ တိုရူက စပြောတယ်။
ကောင်မလေးက နားမလည်နိုင်တဲ့ မျက်နှာမျိုးနဲ့ ပြန်ကြည့်တယ်။ ဘာမှတော့ ပြန်မပြောဘူး။
ဒီတော့ တိုရူက သူ့ဖုန်းကို နှစ်ယောက်အလယ်က စားပွဲပေါ်ကို တင်လိုက်ရင်း ဆက်ပြောတယ်။
“ဒီဖုန်းထဲမှာ နင်နဲ့ ဟိုအကောင်နဲ့ နှစ်ယောက်သား ဖြစ်ပျက်နေတာကို ဗီဒီယို ရိုက်ထားတာ ရှိတယ်၊ ငါ ဘာလုပ်ပစ်ရမလဲ”
“ဟိုအကောင်လို့ မခေါ်ပါနဲ့”
တိုရူရဲ့ ကောင်မလေးက အံကြိတ်ထားတဲ့ အသံနဲ့ ပြောတယ်။
“နင်ပြောချင်ရင် ငါ့ကိုပဲ ပြောပါ၊ သူ့ အပြစ် မဟုတ်ဘူး၊ ငါ့အပြစ်တွေပါပဲ၊ ငါမှားတာ” လို့ ကောင်မလေးက ငိုတော့မယ့် အသံနဲ့ ဆက်ပြောတယ်။
“နင့်ရဲ့ ဗီဒီယို ငါ ဘာလုပ်ပစ်ရမလဲ” တိုရူက ထပ်မေးတယ်။
ကောင်မလေးက ဘာမှ ပြန်မဖြေတော့ဘဲ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားတယ်။ အဲဒီအချိန်မှာ စားပွဲပေါ်မှာ အရင်ကတည်းက ရှိနေတဲ့ ကောင်မလေးရဲ့ ဖုန်းက အသံမြည်လာတယ်။ တိုရူ လှမ်းကြည့်လိုက်တော့ ဟိုအကောင်ရဲ့ မျက်နှာကို ဖုန်းပေါ်မှာ ထပ်တွေ့ရတယ်။ ကောင်မလေးက ဖုန်းကို ကောက်ကိုင်လိုက်ပြီး အစိမ်းရောင်ဖုန်းဘက်ကို လှမ်းဆွဲလိုက်တယ်။ ဖုန်းထဲက အသံက မဆိုသလောက်လေးပဲ။ ဒါပေမယ့် တိုရူလည်း ဖုန်းထဲက အသံကို ကြားနေရတယ်။
“အဆင်ပြေရဲ့လား၊ နင် ငိုနေတာလား” လို့ ဟိုဘက်က မေးနေတယ်။ “ဘာမှ မဖြစ်ပါဘူး” လို့ ကောင်မလေးက အသံကို ထိန်းပြီး ပြန်ဖြေနေရင်း သူ့အသံက ပိုတိုးသွားတယ်။ နောက်တော့ သူ့စိတ်ထဲမှာ တအားဝမ်းနည်းသွားတဲ့ပုံနဲ့ ငိုချလိုက်တယ်။ သူ ငိုနေတဲ့ အသံနဲ့ဆိုတော့ ဟိုဘက်က ပြောနေတဲ့ အသံကို တိုရူ ဘာမှ မကြားရတော့ဘူး။ စားပွဲပေါ်က ဖုန်းနဲ့ ငိုပြီး ဖုန်းပြောနေတဲ့ သူ့ကောင်မလေးကို တစ်လှည့်စီ ကြည့်နေမိတယ်။
နောက်တော့ ဘာမှမပြောတော့ဘဲ အခန်းထဲကနေ ထွက်လာမိတယ်။ တံခါး၀မှာ ပေကျံနေတဲ့ ရွံ့တွေကို သူ ထပ်တွေ့ရပြန်တယ်။ ကြည်လင်သန့်စင်တဲ့ ကမ္ဘာဆိုတဲ့ စကားလုံးကို သူ့ဘာသာ ပြန်စဉ်းစားမိပြီး ရယ်မိတယ်။ နောက်တော့ လှေကားထစ်တွေအတိုင်း အောက်ကို ပြန်ဆင်းလာမိတယ်။ အပြင်မှာ မြူတွေက တော်တော် အခြေအနေ ဆိုးနေပြီ။ စုတ်ပြတ်သတ်နေတဲ့ ကမ္ဘာကြီးက စုတ်ပြတ်သတ်နေတဲ့ မြူတွေပေါ့။
ဘာမှ မစဉ်းစားတော့ဘဲ မြူတွေထဲကို သူ လမ်းလျှောက်ရင်း တိုးဝင်သွားမိတယ်။
ကြယ်တွေဆီ သူ တစ်ယောက်တည်း ခရီးထွက်ဖို့ ရှိသေးတယ်လေ ။ ။
မိုးရဲ
၁၆.၆.၂၀၂၀